
ကျွန်ုပ်တို့ အကြောင်း
Exile Hub ဟာ မြန်မာ့နိုင်ငံ လူ့အခွင့်အရေး တိုက်ပွဲဝင်နေကြသူတွေ အတွက် ဘက်ပေါင်းစုံကနေ အကူအညီပေးရေး၊ ၎င်းတို့ တတ်နိုင်သမျှ ဘေးကင်း လုံခြုံစွာဖြင့် ဆက်လက် တိုက်ပွဲဝင်နိုင်စေရေး၊ မြန်မာ့လူ့အခွင့်အရေး မျက်နှာစာကို ပုံဖော်လျက်ရှိတဲ့ အသံများ ကျယ်လောင်စွာ ထွက်ပေါ်လာစေရေးအတွက် ကူညီ ဆောင်ရွက်ပေးလျက်ရှိတဲ့ မြေပြင်အခြေစိုက် ဖီးမနစ် အဖွဲ့အစည်းတစ်ရပ် ဖြစ်ပါတယ်။
၂၀၂၁ ခုနှစ် မြန်မာနိုင်ငံ စစ်အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက်မှာ ဖိနှိပ်မှုနဲ့ နေရပ်စွန့်ခွာရမှုတွေနဲ့ ရင်ဆိုင်နေကြရတဲ့ သတင်းထောက်တွေ၊ မီဒီယာ လောကသားတွေ၊ တက်ကြွလှုပ်ရှားသူတွေနဲ့ လူ့အခွင့်အရေး တိုက်ပွဲဝင်နေကြသူတွေ အတွက် လက်တွေ့ကျတဲ့ ကူညီဖေးမမှုတွေ ပြုလုပ်ပေးနိုင်ဖို့ Exile Hub ကို ဖွဲ့စည်း ထူထောင်ခဲ့တာ ဖြစ်ပါတယ်။ အရေးပေါ် တုံ့ပြန်ဆောင်ရွက်နိုင်ရေး အတွက် ရည်ရွယ် ဖွဲ့စည်းခဲ့ပေမယ့် ကာလရှည်ကြာ နေရပ်စွန့်ခွာရမှုတွေ၊ ဖိနှိပ်မှုတွေကို ခံစားနေရတဲ့ လူတွေ၊ ဆက်ဆံရေးတွေ၊ လှုပ်ရှားမှုတွေကို ဥမကွဲသိုက်မပျက်စေဖို့ရာအတွက် ပိုမို လေးနက်တဲ့ သန္နိဋ္ဌာန်နဲ့ တိုးချဲ့ဆောင်ရွက်ခဲ့ပါတယ်။
ယနေ့မှာတော့ ကျွန်မတို့ အနေနဲ့ လူ့အခွင့်အရေး တိုက်ပွဲဝင်နေသူတွေနဲ့ မီဒီယာ သမားတွေကို ဘက်ပေါင်းစုံကနေ ကူညီပံ့ပိုးပေးလျက်ရှိပါတယ်။ ကျွန်မတို့ ဆောင်ရွက်နေတဲ့ လုပ်ငန်းစဉ်တွေမှာတော့ အကာအကွယ်နဲ့ အစောင့်အရှောက်၊ ကျွမ်းကျင်မှု ဖွံ့ဖြိုးရေး၊ သုတေသနနဲ့ လေ့လာသင်ယူရေး၊ ဇာတ်လမ်းတင်ဆက်ရေး၊ ဆော်ဩရေးနဲ့ ကွန်ယက်တည်ဆောက်ရေး စတဲ့ လုပ်ငန်းတွေ ပါဝင်ပါတယ်။ ပြုစုစောင့်ရှောက်ရေး၊ တာဝန်ခံရေးနဲ့ သွေးစည်းညီညွတ်ရေးတို့ကို ခိုင်ခိုင်မာမာ စွဲကိုင်ရင်း ပြောင်းလဲလာတဲ့ အခြေအနေတွေကြားမှာ ကျွန်မတို့ရဲ့ ပံ့ပိုးကူညီမှုတွေကို လိုက်လျောညီထွေဖြစ်အောင် ဆောင်ရွက်ပေးလျက်ရှိပါတယ်။
ကျွန်မတို့ဟာ ကြီးမားကျယ်ပြန့်တဲ့ ဂေဟစနစ်ကြီးတစ်ခုရဲ့ အစိတ်အပိုင်း တစ်ရပ် ဖြစ်ပါတယ်။ ဖိနှိပ်မှုကို ရင်ဆိုင်ရင်း၊ ဒဏ်ရာတွေကုစားရင်း၊ ဆက်လက်တိုက်ပွဲဝင်နိုင်ဖို့ရာ အတွက် ကျွန်မတို့ရဲ့ fellow များ၊ ရပ်ရွာကွန်ယက်များ၊ ဝန်ဆောင်မှု ပေးသူများ၊ မိတ်ဖက်များနဲ့ ယုံကြည်စိတ်ချရတဲ့ မဟာမိတ်များနဲ့ အတူ Exile Hub အနေနဲ့ လူအများကို ကူညီနိုင်ရေး၊ လှုပ်ရှားမှုတွေကို ထောက်ပံ့နိုင်ရေး အတွက် ဆောင်ရွက်လျက် ရှိပါတယ်။
ကျွန်မတို့ရဲ့ တာဝန်
ကျွန်မတို့ခံယူထားတဲ့ တာဝန်ကတော့ လူ့အခွင့်အရေး တိုက်ပွဲဝင်နေကြသူတွေ တတ်နိုင်သမျှ ဘေးကင်းလုံခြုံစွာနဲ့ သူတို့ လုပ်ငန်းကို ဆက်လက်ဆောင်ရွက် နိုင်စေရေန် နဲ့ မြန်မာနိုင်ငံရေးနဲ့ ပတ်သက်တဲ့ အသံတွေ ကျယ်ကျယ်လောင်လောင် ဖော်ထုတ်နိုင်စေရန် အတွက် ပြည်တွင်းပြည်ပက သတင်းမီဒီယာသမားတွေနဲ့ လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်လျက်ရှိကြတဲ့ တက်သစ်စ ဒီမိုကရေစီ အရေး လှုပ်ရှားနေသူတွေကို ဘက်ပေါင်းစုံက ထောက်ပံ့ကူညီပေးနိုင်ဖို့ ဖြစ်ပါတယ်။
ကျွန်မတို့ရဲ့ မျှော်မှန်းချက်
လူ့အခွင့်အရေး တိုက်ပွဲဝင်သူတွေနဲ့ သတင်းမီဒီယာသမားတွေ ကိုယ်ယုံကြည်ရာကို လွတ်လပ်လုံခြုံစွာနဲ့ ထုတ်ဖော်ပြောဆိုနိုင်ပြီး၊ ဒီလို ထုတ်ဖော်ပြောဆိုတဲ့အတွက်လည်း အဖိနှိပ်ခံရဖို့၊ လက်တုံ့ပြန်ခံရဖို့ ကြောက်ရွံ့နေစရာမလိုတဲ့ လောကသစ်တစ်ခုကို ဖန်တီးနိုင်ဖို့ ကျွန်မတို့ မျှော်မှန်းပါတယ်။ စုံလင်ကွဲပြားတဲ့ အသံပေါင်းစုံကို ကြိုဆိုပေးမယ့်၊ အမှီအခိုကင်းတဲ့ သတင်းမီဒီယာ အားကောင်းတဲ့၊ တရားမျှတမှု စံတန်ဖိုးတွေနဲ့ ဗဟုဝါဒ ခိုင်ခိုင်မာမာ အမြစ်တွယ်နေတဲ့ လူ့ဘောင်သစ်တစ်ရပ်ကို ချီတက်နိုင်ဖို့ ကျွန်မတို့ မျှော်လင့်ပါတယ်။

လူ့အခွင့်အရေးတိုက်ပွဲဝင်နေကြသူတွေဟာ ဘယ်သူတွေလဲ။
လူ့အခွင့်အရေးတိုက်ပွဲဝင်နေကြသူတွေလို့ ဆိုရာမှာ လူ့အခွင့်အရေး၊ ဂုဏ်သိက္ခာ၊ တရားမျှတမှုနှင့် ဒီမိုကရေစီ လွတ်လပ်ခွင့်တွေကို ကာကွယ်ဖို့ အတွက် နိုင်ငံသားအရေးလှုပ်ရှားမှု ပုံစံမျိုးစုံနဲ့ ပါဝင်လျက်ရှိကြတဲ့ လူတွေကို ဆိုလိုတာ ဖြစ်ပါတယ်။ သူတို့ ဆောင်ရွက်လေ့ရှိကြတဲ့ အလုပ်တွေမှာတော့ တရားမဲ့ပြုကျင့်မှုများကို မှတ်တမ်းတင်ခြင်း၊ အမှန်တရားကို ထုတ်ဖော်တင်ဆက်ခြင်း၊ ရပ်ရွာအစုအဖွဲ့များကို ပံ့ပိုးကူညီခြင်း၊ ဖိနှိပ်မှုကို တန်ပြန် စိန်ခေါ်ခြင်း၊ လှုပ်ရှားမှုများ အခြေတည်ခြင်း၊ နယ်စည်းမျဉ်းများ ကျော်လွန်သည့်တိုင်အောင် အရပ်သားတွေ ပါဝင်လှုပ်ရှားနိုင်စရာ ရပ်ဝန်းတွေ တည်ဆောက်ပေးခြင်းတို့ ပါဝင်လေ့ရှိပါတယ်။
လူ့အခွင့်အရေး တိုက်ပွဲဝင်နေကြသူတွေမှာ သတင်းထောက်တွေ၊ မီဒီယာ လောကသားတွေ၊ တက်ကြွလှုပ်ရှားသူတွေနဲ့ အနုပညာသည်တွေ ပါဝင်ကြပါတယ်။ မြန်မာနိုင်ငံရဲ့ အရပ်ဘက်နဲ့ မီဒီယာ အဝန်းအဝိုင်းကို ကူညီပံ့ပိုးပေးနေကြသူတွေကို Exile Hub အနေနဲ့ ထောက်ပံ့ကူညီလျက် ရှိပါတယ်။
